သင့်ကျန်းမာရေး အခြေအနေကို သင်အသိဆုံးပါ။ ဆရာဝန်တွေက သင်ခံစားနေရတဲ့
ဝေဒနာ အလုံးစုံကို မသိနိုင်ပါဘူး။ သင့်အနေနဲ့ ရောဂါဝေဒနာ တစ်ခုခု
ခံစားနေရတဲ့ အချိန်မှာ သင့်ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့
သိထားသင့်တဲ့ အချက်တွေရှိပါတယ်။
(၁) ခန္ဓာကိုယ်အသံကို နားဆင်ပါ
သင့်ခန္ဓာကိုယ်က အမြဲတမ်း အချက်ပြနေပါတယ်။ တကယ်လို့ ကောင်းကောင်း
နေမကောင်းဘူးဆိုရင် သင့်ကျန်းမာရေးကို ပြန်လည် စမ်းသပ်ရှာဖွေဖို့
အချိန်တန်နေပါပြီ။
(၂) ရောဂါရှာဖွေမှု အတွက် နှစ်ကြိမ်ခန့် စစ်ဆေးပါ
ရောဂါရှာဖွေတဲ့ အခါမှာ တစ်ကြိမ်နဲ့ အားမရဘဲ နေရာပြောင်းပြီး ဒုတိယအကြိမ်နဲ့
တတိယအကြိမ် ပြန်လည် စမ်းသပ်ရှာဖွေမှုကို လုပ်ဆောင်သင့်ပါတယ်။ ဥပမာ အနေနဲ့
သင့်မှာ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး ဒါမှမဟုတ် HIV ပိုးရှိနေကြောင်း
အဖြေထွက်ခဲ့ရင်တောင် တခြား ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို သွားပြီး ထပ်မံ
စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်ရံမှာ လွဲမှားတဲ့ စစ်ဆေးမှု ရလဒ်တွေ
ဖြစ်တတ်လို့ပါ။
(၃) သင့်ကျန်းမာရေး အခြေအနေအတွက် လေ့လာပါ
အင်တာနက်ထဲမှာ သတင်းအချက်အလက်တွေ အများကြီး ရှိနေပါတယ်။ သင်ခံစားနေရတဲ့
ရောဂါဝေဒနာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။
ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေလည်း ရှိပါတယ်။ ဒီလို သတင်းအချက်အလက်တွေ
ရနိုင်မယ့် နေရာမှန်သမျှ ဆက်သွယ်ပါ။ ဒါဆိုရင် သင့်ကျန်းမာရေး
ပိုကောင်းလာဖို့ ဘယ်လို နည်းလမ်းတွေကို လုပ်ဆောင်ရမယ်ဆိုတာ
အဖြေတွေ့လာပါလိမ့်မယ်။
(၄) ဆရာဝန်ကို မေးခွန်းများ မေးပါ
သင်သိလိုတဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြလေ့ရှိတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးပါ။
(၅) သင်ယုံကြည်မှုရှိသော ဆရာဝန်နှင့် ကုသပါ
ဆေးကုသရာမှာ စိတ်ကလည်း အရေးပါပါတယ်။ သင့်အနေနဲ့ ဆရာဝန်အပေါ်
ယုံကြည်အားကိုးစိတ်ရှိနေမှ ဆေးစွမ်းက ပိုထိရောက်မှု ရှိမှာပါ။ တကယ်လို့
သင့်ကို ကုသမှုပေးနေတဲ့ ဆရာဝန်အပေါ် ယုံကြည်မှုမရှိရင် တခြား ဆရာဝန်ထံ
ပြောင်းပြသင့်ပါတယ်။
(၆) ပုံမှန် အပန်းဖြေ လေ့ကျင့်ခန်း လုပ်ဆောင်ပါ
သင့်အတွေးတွေ ရှင်းလင်းသွားစေဖို့ အတွက် သက်သောင့်သက်သာရှိတဲ့ အနေအထားမှာ
နေပြီး မျက်စိမှိတ်ကာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းကို
လုပ်ဆောင်ပေးပါ။ အချိန်အများကြီး မပေးနိုင်ရင်တောင် ငါးမိနစ်လောက်ပေးပြီး
လုပ်ကြည့်သင့်ပါတယ်။ သတိပေးချက် အင်တာနက်မှာ ရောဂါလက္ခဏာတွေနဲ့
အခြေအနေတွေကို လေ့လာတဲ့အခါ သင်ရရှိတဲ့ အချက်အလက်တွေက မှန်ကန်ဖို့ လိုပါတယ်။
ဒါကြောင့် အသိအမှတ်ပြုထားတဲ့ ကျန်းမာရေး ဝက်ဘ်ဆိုက်တွေမှာ လေ့လာပါ။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း