လိပ်ခေါင်းရောဂါ ရှိနေသူ တစ်ဦးသည် ဝမ်းသွားခက်သဖြင့် ဝမ်းနှုတ်ဆေး
တစ်မျိုးမျိုးကို စွဲစားနေရာမှ သွေးယိုသဖြင့် ဆေးရုံ ရောက်လာသည်။ ဆေးရုံမှ
စအိုအတွင်း ခေတ်မီမှန်ပြောင်းဖြင့် ကြည့်၍ အသားစယူပြီး စစ်ဆေးကြည့်သောအခါ
အူမကြီးကင်ဆာ ဖြစ်နေကြောင်း သိရပါသည်။
အမှန်တော့ ထိုသူစားခဲ့သော ဆေးမှာ လိပ်ခေါင်းဆေး အမည်တပ်ထားသော
ကနခိုစေ့ပါသော ရောင်းတန်းဆေးတစ်မျိုး ဖြစ်သည်။ ကနခိုသည် အဆိပ်ဆေးတစ်မျိုး
ဖြစ်ပြီး အူများကို လှုပ်ရှားမှုများစေကာ ဝမ်းသွားစေသော ဆေးမျိုး ဖြစ်သည်။
စွဲစားရန်မသင့်၊ အူပါးပြီး အချွဲအမြှေးများ မရှိတော့သောအခါ အူနံရံမှ
သွေးကြောများ ပေါက်ထွက်ပြီး သွေးယိုလာခြင်း ဖြစ်နိုင်သည်။ ကနခို ပါဝင်သော
တိုင်းရင်းဆေးနည်းများ ရှိပါသည်။ သုံးစွဲရန်လည်း ခွင့်ပြုထားပါသည်။
သို့သော် ကနခိုစေ့ကို သုဒ္ဓပြသည်ခေါ်သည်။ သန့်စင်နည်း အဆင့်ဆင့်ဖြင့်
သန့်စင်ပြီးမှသာ သုံးရမည် ဖြစ်သည်။
ကနခိုစေ့ နှစ်ခြမ်းခွဲလိုက်လျှင် အလယ်ခေါင်မှ အဆံမှာ အဆိပ် ဖြစ်သည်။
ရှေးနည်းမှာ ကနခိုစေ့ကို နနွင်းနှင့်ပတ်ပြီး ထက်ခြမ်းခွဲ၍ အလယ်မှအဆံကို
ချိတ်ဖြင့် ဖယ်ရှားပစ်ပြီးမှ ဆေးဖုံတွင် ထည့်ရသည်။ ကနခိုစေ့ပါဝင်သော
ဆေးဖုံတွင် ဆေးတစ်ပိသာလျှင် သုံးကျပ်သားထက် ပို၍ ပါဝင်လျှင် မသင့်ပါ။
သတ်မှတ်ထားသော အလေးချိန်ထက်ပို၍ မပါရန်လည်း မှတ်ပုံတင်ထားသော ဆေးဝါးများကို
ဗဟို အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်မှုကော်မတီမှ ဓါတ်ခွဲစစ်ဆေးပြီးမှ
လိုင်စင်ထုတ်ပေးပါသည်။ သို့သော် ထိုမျှ ပါဝင်မှုနှင့် ဝမ်းမသွားသောအခါ
ထုတ်လုပ်သူများက မှတ်ပုံတင်စဉ်က ပေးသည့် နမူနာတွင် တစ်မျိုး၊
ရောင်းချရာတွင် တစ်မျိုး ပိုထည့်ပြီး ထုတ်လုပ်လေ့ ရှိကြပါသည်။
ကနခို မသန့်စင်၍သော် လည်းကောင်း၊ အလေးချိန် ပိုကဲထည့်ထားသဖြင့် ၎င်းဆေးသည်
အဆိပ် ဖြစ်သွားရတော့သည်။ အဆိပ်များ ခန္ဓာကိုယ်အတွင်း စုမိသောအခါ အကျိတ်
ဖြစ်လာရသည်။ ၎င်းအကျိတ်သည်ပင် ကင်ဆာအဆင့်သို့ ရောက်သွားခြင်း ဖြစ်သည်။
ဝမ်းသွားလွယ်စေရန် ပြင်းထန်သော ဆေးကို စားသူများမှာ အဆိပ်ကို စားသူများ
ဖြစ်သည်။ ထိုဆေးကို ပေးသောဆရာမှာ ပို၍ပင် အပြစ်ကြီးပါသည်။ လူနာကို
ဆေးစွမ်းပြလိုသဖြင့် မသင့်တော်သော အဆိပ်ကို ပေးသတ်သော ဆရာနှင့်
တူပါလိမ့်မည်။
မြတ်စွာဘုရားပင် နုစဉ်အခါက ဆေးဆရာဖြစ်ပြီး ဆေးဖိုး မပေးသောအခါ
ဝမ်းနှုတ်ဆေးကို ဥပ္ပါယ်တမျဉ်ဖြင့် တိုက်ခဲ့သည်။ ဝမ်းလျော၍ လူနာသေရသည်။
ထိုဝဋ်သည် ဘုရားသက်တော် (၈၀) အလိုတွင် ပြန်လိုက်လာသည်။ မြတ်စွာဘုရားရှင်သည်
ဆေးဆရာဘဝက ဝဋ်ကြွေးကို ဆပ်ပြီးမှသာ ပရိနိဗ္ဗာန် ပြုခဲ့ရသည်မှာ သာဓက
ဖြစ်သည်။ ဝမ်းနှုတ်ဆေးများတွင် ထည့်လေ့ရှိသော ဓါတ်သက်စေသည့် ဆေးမယ်
နောက်တစ်မျိုးမှာ “ပွေးကိုင်း” ရွက်ပင် ဖြစ်သည်။ မြေလတ်ပိုင်းနှင့်
အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ် နံဘေး နှုန်းတင်မြေနုများတွင် ပေါက်လေ့
ရှိပြီး ဈေးပေါသော ဆေးမယ်တစ်မျိုး ဖြစ်သည်။
တစ်လောက စာရေးသူ၏သမီး တာဝန်ထမ်းဆောင်သော ဆေးရုံသို့ လူနာတစ်ဦး
ဝမ်းလျှောရာမှ ကြွက်တက် သတိလစ်ပြီး ရောက်လာသည်။ သူစားမိသည့် ဆေးဘူးကိုပါ
ဆေးရုံသို့ ယူလာပြသည်။ ထိုဆေးမှာ “ရှောက်သီး” ပါသော ဆေးဟု အမည်
တပ်ထားသော်လည်း တကယ်တမ်းမှာ ပွေးကိုင်းများစွာ ပါသောဆေး ဖြစ်သည်။
စားသည့်လူနာက အစာကြေ လေသက်စေသည်ဟု ရေးထားသဖြင့် စားမိခြင်း ဖြစ်သည်။
ပထမအကြိမ် တစ်လုံးစားသည်။ နောက်ထပ် ရှောက်သီး အရသာကို ကြိုက်သဖြင့် လေးလုံး
ထပ်စားမိသည်ဟု ဆိုသည်။ ပေါင်း ၉ လုံးစားပြီးသောအခါ ဝမ်းလျှောပြီး
ဆေးရုံရောက်လာရခြင်း ဖြစ်သည်။
သတိပြုရန်မှာ ပွေးကိုင်းသည် မန်ကျည်းရွက်နှင့် ခပ်ဆင်ဆင်တူသော
သစ်ရွက်ငယ်လေးများ ဖြစ်ပြီး မီးပြင်းလှော်ပြီးမှသာ သုံးသင့်သည်။
ဝမ်းသက်သည်။ လွန်ကဲလျှင် ရစ်ပြီး ဝမ်းသွားတတ်၏။ ပွေးကိုင်းရွက်တွင်
ခြောက်သွေ့အောင် နေလှမ်းမထားသဖြင့် မှိုတက်တတ်သည် ပွေးကိုင်းမှို ပါသော
ဆေးကို စွဲစားမိလျှင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်သည်ကို
သတိပြုသင့်သည်။
အစာကြေဆေး၊ လေသက်ဆေး၊ လျှက်ဆား၊ အပုပ်ချဆေး၊ လေနိုင်ဆေး၊ ဆီးဝမ်းလေဆေး၊
ဓါတ်သက်ဆေး၊ ရုပ်လှဆေး၊ တေဆေး၊ ချက်ဆေး စသည်များမှာ မြန်မာလူမျိုးတို့
ရှေးကတည်းက အသုံးများခဲ့သော ရိုးရာ တိုင်းရင်းဆေးများ ဖြစ်ပါသည်။
သုံးစွဲမှုကို အရိုးစွဲနေပြီ ဖြစ်သဖြင့် အပြစ်တင်ရန် မရှိပါ။ ရှေးခေတ်က
ရိုးရာ ဆေးများကို ပရဆေးဆိုင်များတွင်သာ ဝယ်ကြသည်။ ငါးကျပ်သား၊ တစ်ဆယ်သား
စသည်ဖြင့် အလေးချိန်ဖြင့် ဝယ်ကြသည်။ အိမ်တွင် ဖန်ပုလင်းဖြင့် ထည့်ထားပြီး
အစာကြေဆေး ဆိုလျှင် အစာစားပြီးတိုင်း လက်ဝါးတွင် မန်ကျည်းစေ့ခန့် ထည့်၍
လျှက်လေ့ ရှိကြသည်။ ဝမ်းချုပ်လျှင် ညအိပ်ခါနီး လေပုပ်ထုတ်ဆေးကို လျှက်လေ့
ရှိကြပါသည်။
လွယ်အိတ်နှင့်လည်ပြီး ဆေးကုပေးကြသော ဆရာများကို ရှေးက ဗိန္ဓောဆရာဟု ခေါ်ကြ
သည်။ အခကြေးငွေ သိပ်မယူကြ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆေးဝါးများ ဆေးရုံများ
မရှိစဉ်က မြန်မာလူမျိုးတို့အဖို့ ထိုဗိန္ဓောဆရာများဖြင့်ပင်
အသက်ဆက်ခဲ့ကြသည်။ အဘိုးတို့ ငယ်စဉ်က ဆေးဆရာကြီးများ အိမ်ကြွလာလျှင်
ကလေးများက အနားကပ်ပြီး လက်ဝါးဖြန့်လျှင် လျှက်ဆား ထည့်ပေးသည်ဟု ဆိုသည်။
လျှက်ဆားသည် မြန်မာတို့အကြိုက်၊ မြန်မာ့ဓလေ့ တစ်ခု ဖြစ်ပါသည်။
ယခုခေတ်တွင် ခေတ်ပညာတတ် လူငယ်များက ရိုးရာတိုင်းရင်းဆေးပညာနှင့်
အနောက်တိုင်း ဆေးပညာကို ပူးတွဲသင်ကြားလာကြသဖြင့် ခေတ်မီဘွဲ့ရ တိုင်းရင်းဆေး
ဆရာများ ပေါ်ထွန်းလာသဖြင့် ဗိန္ဓောဆရာများမှ ပပျောက်သွားပြီဟု
ဆိုနိုင်ပါသည်။ ဗိန္ဓောဆေးများမှာလည်း ရှေးကလို စက္ကူထုပ်၊ ဖန်ပုလင်းနှင့်
မဟုတ်တော့။ ခေတ်မီ ပလပ်စတစ်ဘူး လှလှကလေးများ၊ ဆေးတောင့်များဖြင့်
တိုးတက်လာပြီ ဖြစ်သည်။
ဗဟိုဆေးဝါး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားချက်ဖြင့် ယခုခေတ် တိုင်းရင်း
ဆေးဝါးများ ထုတ်လုပ်ရာတွင် ပါဝင်သော ဆေးအမည်များကို ဖော်ပြထားလေ့ ရှိသည်။
ယခင်ကရာနှုန်းနှင့်၊ ထို့နောက် မူပြောင်းပြီး ကျပ်သားနှင့် ဖော်ပြထားပါသည်။
ဆေးဝယ်ယူ သုံးစွဲသူများ သတိပြုရန်မှာ ထိုဆေး အမယ်များတွင် ဝမ်းသက်စေသော
ကနခိုစေ့နှင့် ပွေးကိုင်း၊ ဆားခါး၊ ဘင်္ဂါလီ ဆားခါးစသည်များ ပါဝင်မှုကို
ကြည့်ပြီးမှ သုံးစွဲရန် ဖြစ်ပါသည်။
ဆေးတစ်မျိုးကို ကြော်ငြာကောင်းတိုင်း အရမ်းမဲ့ မသုံးစွဲပါနှင့်။
အညွှန်းဖတ်ပါ။ စတင်သုံးစွဲလျှင် အမှုန့်ဆိုလျှင် ကော်ဖီဇွန်းငယ် တစ်ဝက်၊
ဆေးပြားဆိုလျှင် ၂ ပြား ၃ ပြားထက် ပို၍ မသုံးစွဲပါနှင့်။ နောက်မှ
ဆေးအကြောင်း သိမှသာ ထပ်ဆောင်း တိုးသောက်ပါ။ အချို့လူများမှာ သောက်နေကျ
ဆေးပင် မှားတတ်သည်။ ဝမ်းချုပ်၍၊ အညောင်းထိုင်များ၍၊ လိပ်ခေါင်းရှိ၍
ဝမ်းနှုတ်ဆေးပါသော ဆေးကို အိပ်ယာဝင် သောက်နေကျ။ ထိုသို့ သောက်သော
ဝမ်းနှုတ်ဆေးနှင့် နေ့ခင်းက စားထားသော ချဉ်ရည်ဟင်း၊ ချဉ်ပေါင်ဟင်း၊ ပဲဟင်း၊
နို့ချဉ်၊ ဒိန်ချဉ်၊ မန်ကျည်းမှည့်ဖျော်ရည် စသော ဝမ်းသက်စေသော အရာများ၊
အမှတ်မထင် ပေါင်းစပ်မိသောအခါ ဝမ်းလျောသည့်အဆင့်သို့ ရောက်သွားနိုင်ပါသည်။
မိတ်ဆွေတစ်ဦးသည် မျက်စေ့မကောင်းသဖြင့် တိုင်းရင်းဆေး အမှတ် (၁၂)၊
စက္ခုပါလဆေးကို အမြဲစွဲစားသည်။ ၎င်းဆေးမှာ ရှေးသုံးဆေးနည်း တစ်ခုဖြစ်ပြီး
ပွေးကိုင်းရွက်လှော် အနည်းငယ် ပါသည်။ ဆူးကောက်နက် ပါသည်။ ဆူးကောက်နက်သည်
မျက်စေ့ အားကောင်းသည်။ တိမ်နှင့်ရေတိမ်ကို ကာကွယ်ပေးသည်။ ထိုဆေးတွင်
ပါဝင်သော အခြားဆေးအမည်များမှာ“သိန္ဓော” ဆားဖြစ်သည်။
အငန်အရသာဖြစ်ပြီး အစာကြေ၍ ဝမ်းသက်စေသည်။ ရှေးက ဆေးကျမ်းများတွင်
အငန်မျိုး မှန်သမျှသည် မျက်စိနှင့် မသင့်သော်လည်း သိန္ဓောဆားသည်
မျက်စိနှင့်သင့်၏ဟု ဆိုထားလေသည်။ စက္ခုပါလဆေးကို စွဲစားသူများမှာ
မျက်မှန်ဒီဂရီကို လျော့ကျနိုင်သည့်အပြင် ဇက်ကြောတက်ခြင်းကိုပါ
သက်သာစေနိုင်သည်။ ဖြစ်ချင်တော့ မိတ်ဆွေသည် နေ့လယ်က ချဉ်ပေါင်ဟင်းနှင့်
ဝက်သားချက်စားပြီး ညအိပ်ယာဝင်ချိန်တွင် သောက်နေကျ စက္ခုပါလဆေးကို လေးပြား
သောက်လိုက်သည်။ ညသန်းခေါင်မှစ၍ ဗိုက်နာပြီး ဝမ်းရစ်သွားသည်မှာ နံနက်
လင်းသည်အထိ မအိပ်ရတော့။ ခါတိုင်း ဤဆေးသောက်လျှင် နံနက်ထမှ တစ်ကြိမ်သာ
သွားသည်။ ထိုနေ့က ဝမ်း ၁၂ ကြိမ်ခန့် သွားပြီး ဆေးခန်း ပြရသောအဖြစ်
ရောက်ခဲ့ပါသည်။
ဝမ်းနှုတ်ဆေးစား၍ အကျိုးရှိသည်များ ရှိသလို အပြစ်ပြုသည်များလည်း
ရှိပါသည်။ ဝမ်းနှုတ်ဆေးစားလျှင် တစ်ပတ်တစ်ကြိမ်၊ တစ်ရက်ထက်ပိုပြီး
မစားသင့်ပါ။ လူ၏ အူသိမ်၊ အူမများအတွင်းတွင် သက်စောင့် ပိုးငယ်များနှင့်
အချွဲမြှေးများ ရှိသည်။ ၎င်းတို့သည် အစာအာဟာရကို စုပ်ယူပြီး အူမပေါက်အောင်
အကာအကွယ် ပေးထားကြသည် နေ့စဉ် ဝမ်းနှုတ်လျှင် အချွဲ အမြှေးများပါ ကုန်ပြီး
အူနံရံပါးလာကာ လေပွလာမည်။ အာဟာရကို စုပ်ယူနိုင်မှု အားနည်းလာမည် ဖြစ်သည်။
ရောဂါဘယများ ဝင်လာမည်။
ဝမ်းနှုတ်ဆေးသည် ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ပေးနိုင်သည်။
မည်သည့်အရာကိုမဆို လောကကြီးတွင် သဘာဝမဟုတ်လျှင် မကောင်း။ နှုတ်မှ
သွားရသည့်ဝမ်းသည် မကောင်း၊ ဝမ်းနှုတ်သော အကျင့်သည် မကောင်း။ ဆေးမှန်သမျှသည်
တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဖြစ်နိုင်သည်ကို သတိမူကြစေချင်သည်။
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-54201

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း