အိပ်စက်ခြင်း၊ အိပ်မက်ခြင်း ဆိုတာတွေဟာ အနောက်တိုင်း ဆေးပညာရှင်တွေအဖို့
ပဟေဠိကြီး တစ်ပုဒ်သဖွယ် ဖြစ်နေခဲ့ပြီး စူးစမ်းတဲ့ ပညာရှင်တွေလည်း
အများကြီး ပေါ်ပေါက်လာခဲ့တယ်။ အိပ်မက်ကုထုံး ပညာရှင်တွေလည်း သီးခြား
ပေါ်ထွန်းလာခဲ့ပါတယ်။ အိပ်မက်ကုထုံး ပညာရှင်တွေရဲ့ အဆိုအရ အိပ်မက်ကုထုံးဟာ
လွယ်ကူထိရောက်ပြီး သင်ကြားရတာလည်း မခက်ဘူးလို့ သိရပါတယ်။ နည်းနည်းပါးပါး
ဂရုထားပြီး လေ့လာလိုက်ရုံနဲ့ သင့်ရဲ့ အိပ်မက်တွေကို သင့်ကျန်းမာရေးအတွက်
အဓိပ္ပါယ် ဖော်နိုင်ပါသတဲ့။
ကဲမဆန်းဘူးလား။ ကျန်းမာရေးအတွက်သာမက သင့်ရဲ့သောကတွေ၊ ကြောက်စရာ
လန့်စရာတွေကိုပါ ကျော်လွှားနိုင်ပြီး ပျော်ရွှင်ကျန်းမာ လန်းဆန်းနေတဲ့
ဘဝကိုလည်း ရနိုင်တယ်လို့ ဆိုပါတယ်။ အမှန်တော့ အိပ်မက်မက်ခြင်းဟာ သင့်ရဲ့
အသိစိတ်ထဲက အမှတ်မထင် ကျော်လွှားသွားတဲ့ သတိပေးချက် ကလေးတွေကို
အသွင်တစ်မျိုးနဲ့ ထပ်ပြီး သတိပေးတာလို့ သုတေသီတွေက ပြောကြပါတယ်။
ရုပ်နာမ်၊ ခန္ဓာနှစ်ရပ်စလုံးမှာ ထိခိုက်မှုတွေ၊ ခံစားမှုတွေ ရှိခဲ့ရင်
အိပ်မက်နဲ့ပြန်ပြီး သတိပေးတတ်တဲ့ သဘောရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီအိပ်မက်ကို အဓိပ္ပါယ်ဖော်ဖို့က အိပ်မက်တိတ္တုကျမ်းတွေ ဘာတွေ မလိုပါဘူး။
အရေးကြီးတာက ကိုယ်ဘာအိပ်မက် မက်ခဲ့သလဲဆိုတာ အိပ်ရာက နိုးလာချိန်မှာ
မှတ်မိနေဖို့ လိုပါတယ်။ ဒါကို အိပ်မက် ဖမ်းတယ်လို့ ဆိုပါတယ်။
အိပ်မက်ဖမ်းတတ်ဖို့ အရေးကြီးပါတယ်။
များသောအားဖြင့် အိပ်မက်မက်ပြီးစ တစ်ရေးနိုးချိန်မှာ မှတ်မိသလိုလိုနဲ့
ပြန်အိပ်ပျော်သွားပြီး မနက်လင်းတဲ့အခါ မေ့သွားတတ်ကြပါတယ်။ ဒီအတွက်
အနောက်နိုင်ငံမှာတော့ လူတွေက အိပ်ယာဘေးမှာ မှတ်စုစာအုပ်နဲ့ ခဲတံနဲ့ ဖြစ်စေ၊
ကက်ဆက် အသံသွင်းစက်လေး ဖြစ်စေ ကိုယ့်ဘေးထားပြီး အိပ်တတ်ကြပါတယ်။ အိပ်မက်
မက်ပြီးပြီးချင်း အကယ်လို့ နိုးလာရင် ကိုယ်ဘာတွေ အိပ်မက် မက်ခဲ့လဲဆိုတာ
ချက်ချင်း ရေးမှတ်လို့ဖြစ်စေ၊ အသံသွင်းလို့ဖြစ်စေ မမေ့ခင် မှတ်ထားလေ့
ရှိကြပါတယ်။ အမှန်တော့ နည်းသိရင် ဒီလောက် ကိရိကထ ခံစရာ မလိုပါဘူး။
မအိပ်ခင် ကိုယ့်ရဲ့အတွင်းစိတ်ကို အမိန့်ပေးထားတတ်ဖို့ပဲ လိုပါတယ်။
“ကဲကိုယ့်လူရေ၊ ငါအိပ်တော့မယ်။ ငါအိပ်နေတုန်း အိပ်မက်မက်ခဲ့ရင် အားလုံး
ပြန်မှတ်မိ စေရမယ်နော်။ အားလုံး ပြန်မှတ်မိနေရမယ်။ အားလုံး
ပြန်မှတ်မိနေရမယ်” ဆိုပြီး လေးလေးနက်နက် သုံးခါပြောပြီးမှ အိပ်ပါ။ ပြီးရင်
အိပ်မက်မက်ပြီးပြီးချင်း အိပ်ယာက နိုးရမယ်လို့လည်း အမိန့်ပေးထားရပါမယ်။
အိပ်မက်မက်ပြီးလို့ နိုးလာတာနဲ့ အိပ်မက် အကြောင်းအရာတွေ ချက်ချင်းမှတ်ပါ။
အဓိပ္ပါယ်ဖော်ပြီး မမှတ်ပါနဲ့။ အိပ်မက်အတိုင်း သက်သက်ပဲမှတ်ပါ။
နောက်မနက်လင်း အိပ်ယာထပြီးတော့မှ ညက အိပ်မက်ကို အဓိပ္ပါယ်ဖော်မှာ
ဖြစ်ပါတယ်။ ညကရေးထားတဲ့ အိပ်မက် အကြောင်းအရာတွေကို တစ်ခုချင်းကြည့်ပြီး
အဓိပ္ပါယ် ဖော်ယူရပါတယ်။ တစ်ချို့ဆိုရင် အိပ်မက်ထဲမှာ တွေ့ရတဲ့ပုံကို
ကြည့်ပြီး ပုံကြမ်းဆွဲပြီး ကြည့်ဖို့လိုတယ်လို့ ဆိုပါတယ်။ အိပ်မက်
အဓိပ္ပါယ်ဖော်ရာမှာ အိပ်မက်တိတ္တုကျမ်းတွေ အကူအညီ မလိုပါဘူး။ အဓိပ္ပါယ်
ရိုးစင်းလှတဲ့အတွက် မိမိဘာသာ အဓိပ္ပါယ် ဖော်နိုင်ပါတယ်။ ဒါမှမဟုတ်
ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဦးကို ပြပြီး အဓိပ္ပါယ် ဖော်ကြည့်နိုင်ပါတယ်။
လူတစ်ယောက်ဟာ သွေးတိုးပြီး ဇက်ကြောတွေတက်၊ မျက်ရိုးတွေကိုက်နဲ့
ဆေးတွေမပြတ် သောက်နေရပါတယ်။ သူဟာ အိပ်မက်ကုထုံးအကြောင်း လေ့လာပြီးတဲ့နောက်
ကိုယ့်ကိုယ်ကို အမိန့်ပေးပြီး အိပ်လိုက်ပါတယ်။ အိပ်မက်တွေကို မှတ်သားပြီး
အဓိပ္ပါယ်ဖော်ကြည့်ပါတယ်။ အဲဒီအခါ သူ့လုပ်ငန်းတွေ အများကြီးအနက်က
မထင်မှတ်တဲ့ လုပ်ငန်းလေးတစ်ခုကြောင့် သောကရောက်နေကြောင်း၊ အဲဒီ
သောကဒဏ်ကြောင့် သွေးတိုးနေရကြောင်း သွားတွေ့ရပါတယ်။
သူဟာ အဲဒီလုပ်ငန်း ငယ်လေးကို တခြားတစ်ဦးကို လွှဲပြောင်း ပေးလိုက်ပါတယ်။
သူဟာ ဆေးတွေ ဖြတ်လိုက်ရပြီး သာမန် အငန်လျှော့စားရုံနဲ့ သွေးတိုး
ထိန်းနိုင်ပါတယ်။ လူလည်း လန်းဆန်းပေါ့ပါးပြီး လုပ်ငန်းကိုင်ငန်းများလည်း
အဆင်ချောသွားပါတယ်။ အိပ်မက်လေ့ရှိတဲ့ အိပ်မက်တွေကတော့ ပျံသန်းခြင်း၊
ချောက်ထဲကျခြင်း၊ ထွက်ပြေးရခြင်း၊ တစ်စုံတစ်ယောက် နောက်ကို
ပြေးလိုက်ရခြင်း၊ ရန်ဖြစ်ခြင်း၊ စာမေးပွဲ ဖြေရခြင်းဆိုတာတွေ များပါတယ်။
အဓိပ္ပါယ်ကို မူသေယူလို့ မရပါဘူး။ တစ်ဦးနဲ့တစ်ဦး အဓိပ္ပါယ်
ကောက်ယူရပုံချင်း မတူပါဘူး။ မိမိဘာသာ စိတ်အေးလက်အေး အဓိပ္ပါယ် ဖော်ကြည့်ပါ။
အဖြေ တွေ့ပါလိမ့်မယ်။ အဲဒီအဖြေအတိုင်း အရေးယူ ဆောင်ရွက်လိုက်ရုံနဲ့ မိမိရဲ့
ကျန်းမာရေး လူမှုရေးပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားစေနိုင်ပါတယ်။
တစ်ခါတစ်ရံ ဖြစ်တတ်တာက အိပ်မက်ဆိုး တစ်ခုထဲကို အထပ်ထပ်အခါခါ
မက်နေခြင်းမျိုး ဖြစ်ပါတယ်။
ဒါဆိုရင်တော့ သူ့အဓိပ္ပါယ် ဖော်ပြီးတာနဲ့ အိပ်မက် အကြောင်းအရာကို
အဓိပ္ပါယ်နဲ့တကွ စာအုပ်မှာ ချရေးပါ။ အိပ်ခါနီး တစ်ကြိမ်ဖတ်ပါ။ ဒီအိပ်မက်
ထပ်မက်ဖို့ မလိုဘူး။ ဆက်ရန် ဇာတ်လမ်းရှိရင် ဆက်မက်ပါ။ မရှိရင်တော့
ထပ်မက်စရာ မလိုဘူးလို့ အိပ်ခါနီး ကိုယ့်ကိုယ်ကိုပြောပြီး အိပ်ပါ။
အိပ်မက်ဆိုးတွေ ရပ်သွားပါလိမ့်မည်။ တစ်ခုတော့ ရှိပါရဲ့။ အိပ်မက်
တစ်ခုတည်းနဲ့တော့ ပြဿနာတွေ အားလုံး ပြေလည်မှာတော့ မဟုတ်ပါဘူးလို့တော့
အိပ်မက်ကုထုံး ပညာရှင် ဒေါက်တာ ဖလားဝါးစ်က ထုတ်ဖော် ဝန်ခံထားတာလေးလည်း
ရှိနေပါသေးကြောင်း တင်ပြလိုက်ရပါတယ်။
ရဲမင်းနိုင်
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-60794

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း