တစ်ဖန်နိုးထလာသော စစ်ကိုင်းငလျင်ကြော

နုန်းတင်သောင်ပြင်တွင် မြေပဲစိုက်ကာ အသက်မွေးသော ၂၆နှစ်အရွယ် မဂျမ်းစိန်သည် သူမ၏ တစ်နှစ်ခွဲအရွယ် သမီးငယ်ကို ခါးထစ်ခွင်ချီ၊ ခုနစ်နှစ်သမီးနှင့်သုံးနှစ်သားငယ်ကို တစ်ဖက်စီဆွဲကာ နိုဝင်ဘာ၁၁ ရက် နံနက်စောစောက လုပ်ငန်းခွင်ဝင်ရန် သောင်ပြင်သို့ ထွက်လာခဲ့သည်။မြေပဲခင်းအတွင်း ရောက်ပြီး သိပ်မကြာလှ၊ ကိုယ်ခန္ဓာအား ဆွဲကိုင်လှုပ်ရမ်းလိုက်သလို ခံစားလိုက်ရပြီး သူမရှေ့ခပ်လှမ်းလှမ်းရှိ ဧရာဝတီမြစ်ပြင်က လှိုင်းလုံးများ ရုတ်ခြည်း မြင့်တက်လာသည်ကို မြင်လိုက်ရသည်မတ်တတ်ပြေးသမီးကို ပွေ့ချီ၊ သားနှင့် သမီးကိုဆွဲကာ ကိုယ်လွတ်ရုန်းပြေးသော်လည်း မဂျမ်းစိန် နောက်ကျခဲ့ပါသည်။ တစ်နှစ်ခွဲသမီးနှင့် သုံးနှစ်သားငယ်ကို ငလျင်ကြောင့် ပေါ်လာသော လှိုင်းလုံးများက မျက်စိတစ်မှိတ်အတွင်း ဆွဲခေါ်သွားတော့သည်။ သူမနေထိုင်သော သပိတ်
ကျင်းမြို့နယ်ထဲမှ အောက်ပုဏ္ဏားရွာမှာ နိုဝင်ဘာ ၁၁ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သော ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိသော အင်အားကြီး ငလျင်ကြီး၏ ဗဟိုချက်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

ဆောင်းဦးကာလ နိုဝင်ဘာ ၁၁ ရက် နံနက်ခင်းတွင် ကိုအောင်သိန်းမှာ ယခင်နေ့များကဲ့သို့ နံနက် ၇ နာရီကတည်းက လုပ်ငန်းခွင်ဝင်နေသည်။ အသက် ၂၇ နှစ်အရွယ် သံချည်သံကွေးလုပ်သား ကိုအောင်သိန်းတို့ ဆောက်လက်စ ရတနာသိင်္ဃတံတားကြီးမှာ ရုတ်တရက် ပြင်းပြင်းထန်ထန်လှုပ်ရမ်းသွား သည်။

“ငလျင်က ပြင်းပြင်းထန်ထန် လှုပ်တယ်။ ပြေးချိန်လွှားချိန်တောင် မရတော့ဘူး” ဟု ၎င်းက ငလျင်အတွေ့အကြုံကို ဖွင့်ဟသည်။ လုပ်ငန်းခွင်မှ လုပ်သားများမှာ ခေတ္တကြောင်သွားပြီးမှ ဦးတည်ရာသို့ ပြေးလွှားကြတော့သည်။ အချို့မှာလည်း တံတား၏ သံတိုင်၊ သံတန်းများကို ဖက်တွယ်၍ လွတ်မြောက်ရန် ကြိုးပမ်းသည်။ အချို့လည်း ဆောက်လက်စတံတားပေါ်မှ ပြုတ်ကျသည်။ ကိုအောင်သိန်းမှာလည်း ကံကောင်း
ထောက်မစွာဖြင့် ငလျင်ကြောင့် အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။

ထိုငလျင်ကြီးသည် နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်တွင် ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင် နေရာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်။
ထိုငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှစ်ခုမှ သပိတ်ကျင်း၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်မြောင်း၊ ခင်ဦး၊ မတ္တရာ၊ ကျောက်ဆည် စသည့်မြို့နယ်များတွင် ဘုရားစေတီ ပြိုကျပျက်စီးမှုများ၊ နေအိမ်အဆောက်အအုံပြိုကျမှုများနှင့် လူသေကြေပျက်စီးမှုများ ရှိခဲ့သည်။ ထိုငလျင်ကြီးက ၁၉၅၆ စစ်ကိုင်းငလျင်ပြီးနောက် နှစ် ၅၀ ကျော်အကြာ တာလေငလျင်အပြီးတစ်နှစ်ကျော်အတွင်း လှုပ်ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၁ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၃၆ ဦးရှိသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်းတို့တိုင်းအတွင်းရှိ သပိတ်ကျင်းနှင့် စဥ့်ကူးမှာပင် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁ ဦး ရှိကြောင်း နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်သည်။

သာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ စေတီ/ရုပ်ပွားတော် ၈၉ ဆူ၊ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ သိမ်ကျောင်းတစ်ကျောင်း၊ စိန်ဖူး/ထီးတော် ၂၆၊ ဘုရားဝင်း/တန်ဆောင်း/ ဓမ္မာရုံ ၂၀၊ စာသင်ဆောင်/ ကျောင်းတိုက်လေးကျောင်း ရှိခဲ့ကြောင်း အဆိုပါသတင်းကဆို သည်။ ၎င်းအပြင် ပုဂ္ဂလိက အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမှာ လူနေအိမ် ၃၀ လုံး၊ ဈေးဆိုင်/ ဆေးရုံ ၈၊ ရေသန့်စက်ရုံတစ်ရုံ၊ အခမဲ့ဆေးခန်း/၀န်ထမ်းအိမ်ရာ နှစ်လုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ငလျင်ကြီးများ၏ သဘာဝအတိုင်း နောက်ဆက်တွဲငလျင် နိုဝင်ဘာ ၁၂ ရက်အထိ လေးကြိမ် လှုပ်ခဲ့သည်။ ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ရွှေဘိုမြို့အနီး ဧရာဝတီမြစ်ကို ဖြတ်ကူးကာ တည်ဆောက်လျက်ရှိသော ရတနာသိင်္ဃတံတား အစိတ်အပိုင်းအချို့ ပြိုကျကာ လူတစ်ဦးသေဆုံး ငါးဦးပျောက်ဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့သည်။ ဗဟိုချက်အနီးဆုံး သပိတ်ကျင်းတွင် ဘော်ဒါဆောင်ပြိုကျပြီး ကျောင်းသူ
တစ်ဦးသေဆုံးကာ ကျောင်းသူ ၁၇ ဦး ဒဏ်ရာရခဲ့ခြင်းများက ငလျင်ဒဏ်ခံရသည့် အထိခိုက်ဆုံးနေရာများ ဖြစ်ခဲ့သည်။

သပိတ်ကျင်းဘော်ဒါဆောင် ပြိုကျမှုတွင် သေဆုံးခဲ့သူမှာ ၁၀ တန်းကျောင်းသူ မသက်ဝေနှင်းဖြစ်သည်။ “သမီးလေးဆုံးသွားတာ ဘယ်လိုမှ ယုံလို့မရသေးဘူး” ဟု မိခင်ဒေါ်မျိုးခင်ကပြောသည်။ ငလျင်ဗဟိုချက်နှင့်နီးသည့်နေရာများတွင် ပျက်စီးထိခိုက်မှုနှုန်းပိုများပြီး ဗဟိုချက်နှင့် မိုင်အ
နည်းငယ်သာဝေးသော သပိတ်ကျင်းမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုများမှာ အခြားနေရာများထက်ပိုသည်။

သပိတ်ကျင်းမြို့ ကံဘဲ့ရပ်ကွက်နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ဆိပ်ကမ်းရပ်ကွက်တို့တွင် လူနေအိမ်များ လဲပြိုကာ မြို့မဈေးအနီးတွင်မူ နံကပ်တိုက်များက အလဲလဲအပြိုပြိုနှင့် ငလျင်လှုပ်ပြီးစ အချိန်မြင်ကွင်းမှာ အပျက်အစီးများဖြင့်သာ ၀န်းကျင်တစ်ခွင်ပြည့်နေသည်။ ငလျင်လှုပ်ပြီးစ သပိတ်ကျင်းမြို့တွင်းတွင် လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဈေးဆိုင်အားလုံးလိုလိုလည်း ပိတ်ထားသည်။

“ခေါင်းတွေ မူးနောက်နေတယ်။ ဆေးသောက်ချင်နေတယ်။ ဆေးဆိုင်တွေ ပိတ်ထားတော့ ဒုက္ခရောက်နေတယ်” ဟု သပိတ်ကျင်းဒေသခံ အသက် ၄၀ အရွယ် ဒေါ်ဝင်းရီက သတင်းထောက်ကိုပြောသည်။

ဧရာဝတီမြစ်သာခြားသောစစ်ကိုင်းမြို့တွင်လည်း ဧရာဝတီတံတားထိပ်ရှိ “ဇေယျာရွှေမြေ စစ်ကိုင်းတိုင်းမှ ကြိုဆိုပါ၏” ဆိုင်း
ဘုတ်မှ အင်္ဂတေဖြင့် ထုလုပ်ထားသော ခြင်္သေ့ကြီးတစ်ကောင်ပြိုကျခဲ့ပြီး စစ်ကိုင်းမြို့၏™သင်္ကေတကောင်းမှုတော်၏ စိန်ဖူးတော်တိုင်စောင်းသွားသည်။ ငလျင်ဗဟိုချက်နီးသည့်အတွက် လှုပ်ရှားမှုနှုန်းမှာ ပြင်းထန်ကာ နေအိမ်တွင်း ထုတ်တန်းပြုတ်
ကျခြင်း၊ နံရံပိခြင်း စသည်တို့ကြောင့် မြို့ပေါ်တွင် ထိခိုက်ဒဏ်ရာရသူများသလို ကျေးရွာများတွင်လည်း အိမ်များပြိုကျခြင်း၊ တံခါးပြုတ်၊ အမိုးပြုတ်ကျကာ ထိခိုက်ဒဏ်ရာရခြင်းများ အလွန်များသည်။

ငလျင်ဒဏ်ကို သိသာစွာခံစားရပြီး အထပ်မြင့်အဆောက်အအုံများလည်းရှိသည့် မန္တလေးမြို့တွင် ၂၅ ထပ်ရှိ ဈေးချိုမန်း မြန်မာပလာဇာကို ပိတ်ပစ်လိုက် ပြီး အထပ်မြင့်သောနေရာများ၌ နေကြသူများက လမ်းမများပေါ် ထွက်နေကာ နောက်ထပ်လှုပ်လာနိုင်မည့် ငလျင်များကို စိုးရိမ်ထိတ် လန့်ခဲ့ကြသည်။ အင်အားကြီးငလျင်နှင့် ရင်ဆိုင်တွေ့ပြီး ပထမဆုံးညတွင် ငလျင်ဒဏ်သင့် ဒေသခံများမှာ မြေငလျင်များ ထပ်မံမလှုပ်အောင် မြေစောင့်နတ်အား ပူဇော်သည်ဟုဆိုကာ ဖယောင်းတိုင်များ ပူဇော်ထားသည်ကိုလည်း နေရာအနှံ့တွေ့ရသည်။ အချို့မှာလည်း ထိတ်လန့်မှုကြောင့် မအိပ်နိုင်ကြ။

“လူတွေက ငလျင်လှုပ်တော့ အပြင်မထွက်ရဲကြတော့ဘဲ အိမ်ထဲမှာပဲ နေကြပြီး ခိုက်မိတာများတယ်။ ဒီမှာက ငလျင်ပညာပေးမှုတွေ အတော်အားနည်းတယ်” ဟု ငလျင်ဘေးဒုက္ခသည်များကို ကူညီပေးနေသည့် သပိတ်ကျင်းမြို့ သုဇနသဟာယ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတေဇနိယက မိန့်ကြားသည်။

ထူးခြားမှုမှာ မြေငလျင်လှုပ်ပြီးသည်နှင့် နေ့မကူးမီမှာပင် နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှာ ငလျင်ဒဏ်ခံ ဒေသများသို့ ကွင်းဆင်းအားပေးခဲ့သည်။ ငလျင်ကြောင့် စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့သည်။ “စဥ့်ထည်လုပ်ငန်းတွေက မိရိုးဖလာလုပ်ကိုင်လာတာ။ တ ဖြည်းဖြည်းလျော့နည်းလာတဲ့ အချိန် အခုလို စဥ့်ဖိုတွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် စဥ့်ထည်လုပ်ငန်းရှင်တွေ ရူးချင်စိတ်တောင်ပေါက်တယ်” ဟု ကျောက်မြောင်းမြို့နယ် မလားကျေးရွာမှ ဦးတင်ထွန်းကရင်ဖွင့်သည်။

“ဧရာဝတီမြစ် နောက်ဘက် ကမ်းမြေနုကျွန်းမှာ လယ်ယာမြေဆယ်ဧကနီးပါးလောက်ရှိတာ ယခုငလျင်ကြောင့် သုံးဧကလောက် ကမ်းပြိုတဲ့ကြား ပါသွားတယ်” ဟု မလားကျေးရွာမှ ကိုမြင့်စိုးကလည်း ပြောသည်။ စက္ကန့်ပိုင်းသာကြာသော ငလျင်က ကမ်းပါးများကို တိုက်စားခဲ့ပြီး၊ အိုးအိမ်များကို ဖျက်ခြွေခဲ့သလို မဂျမ်းစိန်၏ ရင်နှစ်သည်းချာ ကလေးနှစ်ဦးကိုလည်း အပြီးတိုင် ခေါ်သွားခဲ့လေပြီ။ နိုဝင်ဘာ ၁၁ ရက်က မဂျမ်းစိန်နှင့်သူမတို့ဒေသမှ လူများအတွက် နေ့ဆိုးတစ်ရက်အဖြစ် ကျန်ရစ်ခဲ့တော့သည်။ ။

ညီညီဇော်၊ မျိုးမင်းဦး၊ မောင်တာ ကွင်းဆင်းရေးသား၍ ရန်ကုန်သတင်းအဖွဲ့ပံ့ပိုးသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါအုန်း